သတ္တဝါဆိုသူကို အာရုံပြု၍ လျစ်လှူရှုခြင်းသဘော (ချစ်ခင်ဝမ်းသာ သနားကြင်နာမှု မပြုဘဲ သင့်တင့်အောင် ရှုတတ်သော သဘော)သည် “ဥပေက္ခာ” မည်၏၊ တရားကိုယ် (အရင်းခံ သဘောတရား)မှာ တတြမဇ္ဈတ္တတာစေတသိက်ဖြစ်သည်၊ သို့သော် တတြမဇ္ဈတ္တတာမှန်သမျှကိုမူ “ဥပေက္ခာ”ဟု ခေါ်သည်တော့ မဟုတ်ပါ။(ထိုဥပေက္ခာကို အဖန်ဖန်ပွားများခြင်းသည် ဥပေက္ခာဘာဝနာဖြစ်သည်)။
ဥပပတ္တိဘဝ ၁
ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...
