ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် “သင်္ခါရ” မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် “ကမ္မဘဝ” မည်၏။ အနာဂတ်ဘဝဖြစ်ဖို့ရန် ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာ ဖြစ်သည်။
ကောလံကောလသောတာပန်
သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...
