အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း ကျမ်းတော်ကြီး၌ကား အကြောင်းအမျိုးမျိုးကိုသာမက ထိုအကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ဟောပြထားတော်မူသည်။ သို့ဖြစ်၍ ထိုသို့ ဟောပြထားသော ကျမ်းကို ပဋ္ဌာန်းကျမ်း ခေါ်သည်-ဟု မှတ်သားထိုက်၏။)
ပဉ္စဒွါရာဝဇ္ဇန်း
ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...