ကျွန်ုပ်တို့အကြောင်း

by | Sep 21, 2022 | About Dictionary | 0 comments

အဘိဓမ္မာ အဘိဓါန် ဖြစ်ပေါ်လာပုံ

၂၀၂၁ ခုနှစ် အတွင်းက ဖြစ်ပါသည်။ ကျွန်ုပ်သည် ဗုဒ္ဓစာပေနှင့် ပတ်သက်၍ ယခင် သိထားပြီးသား အသိထက် ပိုမိုသိလိုစိတ်များ ပြင်းပြနေသဖြင့် ဗုဒ္ဓ စာပေးများ ရောင်းချရာ ရွှေတိဂုံ တောင်ဘက်မုခ် စောင်းတန်းတွင် စာအုပ်အသစ်များ ဝယ်ယူရန် ကြိုးပမ်းလေသည်။ သို့သော် မည်ကဲ့သို့ စာအုပ်ကို ဝယ်ယူရမှန်းမသိပေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်တိုင် ဘယ်အပိုင်းကို ဖတ်ရှု့ချင်သည် ဘာကို သိချင်သည်ဆိုတာကို မကွဲပြားခြင်းကြောင့် ဖြစ်ပါသည်။ အဘိဓမ္မာကို ဖတ်ချင်တာလား၊ ပဌာန်းကို ဖတ်ချင်တာလား၊ ပဌာန်းကျမ်းမှာ ဘာတွေ ပါဝင်သလည်း စသည်ဖြင့် စိတ်ထဲတွင် တခုခု ရှင်းရှင်းလင်းလင်း သိမြင်ချင်သော စိတ်သာ ဖြစ်ပေါ်မိပြီး တကယ်တမ်းတွင် စိတ်ထဲမှာ မရှင်းလင်းသည်က များနေကာ ဘာကို သိချင်မှန်း ဘာကို ဖတ်ချင်မှန်း မသိဖြစ်နေပါသည်။

မိမိ၏ အဖြစ်ကို ရိပ်စားမိသော စာအုပ်ရောင်းသူမှ စိန်ရတနာ ဆရာတော် ရေးသားပြုစုသည့် ပိဋကတ် ၃ ပုံ အနှစ်ချုပ် စာအုပ်ကြီးကို ဖတ်ဖို့ ညွှန်းလေသည်။ အလွန်ဝမ်းသာအားရဖြစ်မိ၏။ အဘယ်ကြောင့်ဆိုသော် ပဌာန်း ဝိနည်း များ အသေးစိတ်ဖတ်ရအောင်လည်း စာသင်သားမဟုတ်သည့်အပြင် လိုက်မမှီသေးသော အကြောင်းအရာများကိုလည်း မဖတ်ချင်သေး။ စာအုပ်ဆိုင်မှညွှန်းသော စိန်ရတနာ ဆရာတော်၏ ပိဋကတ် ၃ ပုံ အနှစ်ချုပ်စာအုပ်သည် မိမိသိချင်သည်များကို အနှစ်ချုပ် ပါလာနိုင်သည်မို့ ၎င်း စာအုပ်ကိုသာ ဝယ်ပြီး ပြန်လာခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် ဒုလ္လဘ ရဟန်း ၃ ရက်ခန့် ဝတ်ဖြစ်ပါသည်။ ရဟန်းအဖြစ် ပိဋကတ် ၃ ပုံ အနှစ်ချုပ် စာအုပ်ကို ဖတ်နေရင်း စိတ်ထဲတွင် မိမိ မသိသော ပါဠိ စကားလုံးများကို မြန်မာလို သိခွင့်ရရင် ကောင်းမှာပဲဟု တွေးမိပါသည်။ ထိုစိတ်မျိုး ယခင်ကလည်း ဖြစ်ဖူးပါသည်။ အထူးသဖြင့် ပရိတ်ရွတ်သည့်အခါ ဗုဒ္ဓ စာပေများ ဖတ်ရှု့သည် အခါတွင် ဖြစ်သည်။ ဗုဒ္ဓစာပေနှင့် ပတ်သက်သည့် ပါဠိ စကားလုံးများကို မြန်မာလို သိခွင့်ရလျင် ဖတ်ရှု့သူများအဖို့ များစွာ အကျိုးရှိနိုင်မည် ဆိုတာကိုလည်း တွေးမိပါသည်။ မိမိ သိလိုသော စကားလုံးများကို အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာဖွေနိုင်ရန် ကျွန်တော် အားထုတ်လိုပါသည်။ ပိဋကတ် ၃ ပုံ အနှစ်ချုပ် စာအုပ် ရေးသားသော ဆရာတော် ကူညီနိုင်မည်ဆိုလျင် ကောင်းမှာပဲဟု တွေးမိသည်။

ရဟန်းအဖြစ် ၃ ရက် ဝတ်ပြီး လူဝတ်ကြောင် အဖြစ် ပြန်ရောက်သည့်နေ့တွင် အိမ်ကို ရောက်ရောက်ချင်း ဆရာတော်ထံ ဆက်သွယ်ကာ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ ဆရာတော်၏ ကျောင်းသို့ ထွက်လာခဲ့ပါသည်။ ဆရာတော်ကို တစ်ခါမျှ တွေ့ဖူးချင်း မရှိဘဲ မိမိဘာသာ ဆရာတော်ကို မိတ်ဆက်ပြီး မိမိ၏ ဆန္ဒများကို လျောက်ထားမိပါသည်။ ဆရာတော်သည် အင်မတန် ကြီးမြတ်ရင့်ကျက်စွာဖြင့် ယခုမှ စတွေ့ဖူးသူကို ကောင်းစွာလက်ခံစကားပြော နားထောင်ပေးသည့်အပြင် အဘိဓမ္မာ အဘိဓာန်ကို သတ္တဝါများ၏ အကျိုးအလို့ငှာ Internet ပေါ်တွင် website အဖြစ် ပြုလုပ်ဖို့ စတင် ကနဦး သဘောတူကာ ဆရာတော်နှင့် အကြိမ်ကြိမ် ထပ်မံတွေ့ဆုံပြီး အကောင်အထည်ပေါ်အောင် စီစဉ်နိုင်ခဲ့ပါသည်။

ဆရာတော်မှ ကူညီ လုပ်ဆောင်ပေးမည် ဆိုသော်ငြားလည်း website တည်ဆောက်ရန်အတွက် ပညာရှင် လိုအပ်နေပါသေးသည်။ ထို့ကြောင့် မိမိ လေးစားခင်မင်ရသော အကိုကြီး ကိုဇော်ထွဋ် (CTO, Myanmars Net Software Co., Ltd.) နှင့်ဆက်သွယ်ကာ website ဖြစ်မြောက်ရေးအတွက် အပူကပ်ရပါသည်။ ထို့နောက် မိမိ၊ ကိုဇော်ထွဋ် နှင့်အတူ ဆရာတော်တို့ တိုင်ပင်ကြပြီး လပေါင်းများစွာ အားထုတ်ကာ နောက်ဆုံးတွင် ယခုကဲ့သို့ အဘိဓမ္မာ အဘိဓာန် Online Version ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ လိုအပ်ချက်များလည်း ရှိနေနိုင်ပါသေးသည်။ နောင်တွင် ထပ်မံ၍ ပါဠိမြန်မာပြန် စာလုံးများကို ထပ်မံထည့်သွင်းသွားမည်ဖြစ်ပါသည်။ ယခု အဘိဓာန်ကို Apps အဖြစ် မလုပ်ရခြင်းမှာ Apps သည် မိမိဖုန်းထဲ Install လုပ်ထားမှ ကြည့်နိုင်မည်ဖြစ်သည်။ ထို့ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်သောကြောင့် သိချင်သည်ကို သိချင်သည့်အချိန်တွင် အင်တာနက်ပေါ်တွင် ချက်ခြင်းရှာဖွေနိုင်ရန် website ပြုလုပ်ရခြင်းဖြစ်ပါသည်။

ဗုဒ္ဒသာသနံ စိရံတိဌတု

Zaw Lin (PhD, Business Administration)
Founder & CEO
YOUTH International University

The organizer of Dhamma Dictionary

အလှူရှင်မော်ကွန်း

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်များကို မြန်မာဘာသာဖြင့် နားလည်သဘောပေါက်ကြစေရန်အတွက် အဘိဓမ္မာ အဘိဓာန် ဖြစ်မြောက်စေရန် အောက်ဖော်ပြပါ အလှူရှင်များမှ စိတ်ကောင်းစေတနာမွန်ဖြင့်...

စိန်ရတနာ ဆရာတော် ဘဒ္ဒန္တ သာသနဝရ၏ ထေရုပ္ပတ္တိ

ဘဒ္ဒန္တ သာသနဝရ (စိန်ရတနာ ဆရာတော်) ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ ကံတော်ရွာဇာတိ ဖြစ်သည်။ ၁၃၂၇-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈-ရက်(၂၀၊၈၊၁၉၆၅)၊သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးဉာဏ်ထွန်း၊ မယ်တော် ဒေါ်ရှိန်တို့ ဖြစ်သည်။ ဆရာတော် လောင်းလျာသည်...